Friday, January 22, 2016

ရောင်းချထားသည့် hoverboard အားလုံးအတွက် ငွေပြန်အမ်းပေးမည်ဟု Amazon ထုတ်ပြန်



Amazon သည် အမေရိကန်နှင့် ကနေဒါအပါအဝင် ဝက်ဘ်ဆိုက်မှတစ်ဆင့် ရောင်းချခဲ့သော hoverboard အားလုံးအတွက် အပြည့်အဝ ငွေပြန်အမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ကုမ္ပဏီအနေဖြင့် နှစ်ဘီးတပ်ဘုတ်များတွင် အဖြစ်များသော ပြုတ်ကျမှုနှင့် မီးလောင်မှုများအတွက် ယခုကဲ့သို့ ငွေပြန်အမ်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန်လူသုံးကုန်ပစ္စည်းလုံခြုံရေးကော်မရှင် (CPSC) က Amazon ၏ ဆုံးဖြတ်ချက်ကို ချီးကျူးသွားခဲ့သည်။ အခြားလက်လီရောင်းချသူနှင့် ထုတ်လုပ်သူများအနေဖြင့် ယခုကဲ့သို့ ပြုလုပ်လာမည်ဟု မျှော်လင့်ကြောင်း ကော်မရှင်ကပြောကြားခဲ့သည်။ CPSC သည် ဒီဇင်ဘာလကစတင်၍ hoverboard များ၏ လုံခြုံရေးပြဿနာများကို စုံစမ်းစစ်ဆေးခဲ့သည်။ အဆိုပါ hoverboard များနှင့် ပတ်သက်သည့်အခါတိုင်း အရေးပေါ်အခန်းနှင့် ပြင်းထန်သော ဒဏ်ရာများ ရရှိမှု ကိန်းဂဏန်းမြင့်တက်လာကြောင်း ကော်မရှင်ကထုတ်ပြန်ခဲ့ပြီး hoverboard များမှ ပြုတ်ကျမှုနှင့် ဒဏ်ရာရရှိမှုများကို တိုးချဲ့၍ စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“လက်ရှိမှာ hoverboard ပေါ်က ပြုတ်ကျမှုနှုန်းက မြင့်တက်နေပါတယ်။ ဒဏ်ရာတွေက စီးတဲ့သူ ဒါမှမဟုတ် hoverboard ရဲ့ အမှားကြောင့်ဆိုတာ သိဖို့စုံစမ်းစစ်ဆေးနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ စိတ်ပူတာက ဒီထုတ်ကုန်တွေရဲ့ လက်ရှိဒီဇိုင်းက သုံးစွဲသူရဲ့ မတူညီတဲ့ အလေးချိန်နဲ့ အရှိန်မြှင့်မောင်းခြင်း ဒါမှမဟုတ် တိမ်းစောင်းခြင်းစတာတွေကို ထည့်မစဉ်းစားထားပါဘူး” ဟု CPSC ဥက္ကဌ အီလီယော့အက်ဖ်ကေးက ထုတ်ပြန်ခဲ့သည်။
အားလပ်ရက်ဈေးဝယ်ရာသီ ပြီးဆုံးပြီးနောက် လူမှုရေးမီဒီယာတွင် ကလေးများ၊ မိဘများနှင့် နာမည်ကျော်ကြားသူများ၏ hoverboard များပေါ်မှ ပြုတ်ကျသော ဗီဒီယိုများစွာ ပေါ်ထွက်လာသည်။ ပြုတ်ကျမှုအချို့ကြောင့် ပြင်းထန်စွာ ဒဏ်ရာရနိုင်ပြီး သေရာပါဒဏ်ရာအထိ ရရှိနိုင်ကြောင်း CPSC က သတိပေးထားပြီး သုံးစွဲသူများအားလုံး လုံခြုံရေးပစ္စည်းဝတ်ဆင်ကြရန် မှတ်ချက်ပြုထားသည်။ CPSC အနေဖြင့် hoverboard ကိုအားသွင်းစဉ် မီးခိုး သို့မဟုတ် မီးလောင်မှု ဖြစ်ပွားသည့် ၃၉ ခုထက်မနည်းသော အမှုများကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Ref. internetjournal


No comments:

Post a Comment